Thursday, October 20, 2011

“ဗင်းဆင့်ဗန်ဂိုးရဲ့ ဆက်သွယ်ရေးလုပ်ငန်း"

တခါတုန်းက
ခင်ဗျားကိုင်တဲ့ ဟန်းဖုန်းမျိုး
ဗင်းဆင့်ဗန်ဂိုးဆီမှာ မရှိခဲ့ဖူးဘူး။

ဒါပေမယ့်
သူချစ်တဲ့ သူ့ကောင်မလေး
ပြောချင်ရာ ပြောဖို့ဆိုပြီး
သူ့နားရွက်ကလေးတဘက်ကိုတော့
လက်ဆောင်အဖြစ်
ဖြတ်ပေးခဲ့ဖူးရဲ့။

တခါတုန်းက
ခင်ဗျားစီးနေတဲ့
မော်တော်ကားလှလှ တစီးမျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး။

ဒါပေမယ့်
ခင်ဗျားစိတ်ကူးတွေ
လမ်းလျှောက်နိုင်အောင်လို့ဆိုပြီး
ဆိုက်ပရပ်စ်ပင်တွေနဲ့
လမ်း ပန်းချီကားကိုတော့
လက်ဆောင်အဖြစ် ခင်ဗျားအိမ်ရဲ့ နံရံဖြူဖြူပေါ်မှာ
ရေးခြစ်ထားခဲ့လေရဲ့။ ။


သော်ဒီဝေ

အမေ

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

သျှပ်မှူးကျော်..ကလောင်အမည်ဖြင့် ထူးအိမ်သင်ရေးဖွဲ့ခဲ့တဲ့ကဗျာလေးပါ.

Saturday, October 15, 2011

ခင်ဗျားတို့ မေ့တတ်ကြလား

မေ့တတ်တယ်ဆိုတာ လူတိုင်းနဲ့မကင်းနိုင်တဲ့ အရာပါပဲ။ သာမန်လူတွေအတွက် ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ထူးခြားတဲ့ စိတ်ရောဂါမဟုတ်တော့ ပူပန်စရာမရှိပါဘူး။

မေ့တတ်တဲ့လူတွေထဲမှာတော့ ပါမောက္ခတွေ၊ အိုင်းစတိုင်းတို့လိုပညာရှင်ကြီးတွေက ထိပ်ဆုံးကလို့ ဆိုကြတယ်။ (တကယ်တော့ မဟုတ်ပါဘူး။ ရယ်စရာပျက်လုံးထုတ်ထားတဲ့ ပုံပြင်တွေပါပဲ။) ပါမောက္ခတွေ၊ ပညာရှင်တွေ၊ စာရေးဆရာကြီးတွေဟာ အချိန်ရှိသမျှ လေးလေးနက်နက်ကိစ္စတွေကို တွေးတောနေရင် တော်ရုံအသေးအဖွဲ ကိစ္စလေးတွေကို အာရုံမပြုနိုင်တဲ့သဘောပါ။

ပါမောက္ခကြီးတစ်ဦးက ကြက်ဥပြုတ်တာ ဘယ်နှစ်မိနစ်ကြာအောင်ပြုတ်ရတယ်ဆိုတဲ့အညွှန်းကြောင့် နာရီကြည့်ပြုတ်ဖို့လုပ်တယ်။ ဒါပေမယ့် တကယ်လုပ်ဖြစ်တာက အိတ်ဆောင်နာရီကို ရေနွေးအိုးထဲ ပစ်ထည့်ပြီး ကြက်ဥကို လက်ကကိုင်ကြည့်နေတယ်တဲ့။ စာရေးဆရာကြီးတစ်ဦးကလည်း မျက်မှန်သုံးလက် ဆောင်ထားရတယ်။ တစ်လက်က အနီးကြည့်ဖို့၊ တစ်လက်က အဝေးကြည့်ဖို့၊ တစ်လက်ကတော့ အဲဒီမျက်မှန်နှစ်လက်မေ့ပြီး ဘယ်မှာထားမိမှန်းမသိဘဲ ပျောက်နေရင်ရှာဖို့တဲ့။ ကျွန်တော်လည်း မိုးတွင်းဆို ထီးသုံးလက်ထားရတယ်။ တစ်လက်က အဝေးသွားရင် ဆောင်းဖို့၊ တစ်လက်က အိမ်ထဲမှာ မိုးယိုရင်ဆောင်းဖို့၊ တစ်လက်က အဲဒီထီးနှစ်လက်ပျောက်ရင် ထီးဆောင်းပြီးရှာဖို့ မဟုတ်ပါဘူး။ မိုးတွင်းတိုင်းလိုလို လက်ဖက်ရည်ဆိုင်မှာတစ်လက်၊ ဘတ်စ်ကားပေါ်မှာတစ်လက်၊ ရုပ်ရှင်ရုံထဲမှာတစ်လက် မေ့ကျန်ခဲ့ပြီး ပျောက်တတ်လို့ပါပဲ။

အဲသလို မေ့တတ်တာက အားငယ်စရာတော့ မရှိဘူးခင်ဗျ။ ဂျီနီဗာမှာဖွင့်ထားတဲ့ SITA ဆိုတဲ့ လေကြောင်းသတင်းနည်းပညာ တပ်ဆင်ရေးကုမ္ပဏီက ထုတ်ပြန်လိုက်တဲ့သတင်းမှာ အဲဒီနှစ် ခရီးသွားတဲ့သူတွေဟာ လေဆိပ်တွေမှာ သူတို့ရဲ့ အိတ်သန်းပေါင်း (၃၀) လောက်ကို မေ့ထားခဲ့ကြတယ်တဲ့။ များလှချည်လားမပြောနဲ့။ အဲဒါဟာ ခရီးသည်တွေယူဆောင်လာမယ့် အိတ်တွေရဲ့ တစ်ရာခိုင်နှုန်းပဲရှိပါတယ်။ (၂၀၀၆ မှာလေယာဉ်နဲ့ ခရီးသွားမည့်သူ နှစ်ဘီလျံလောက်ရှိမယ်။ ဒီတော့ သူတို့ဟာ ဆောင်လာမယ့်အိတ်တွေက အနည်းဆုံး သုံးဘီလျံလောက်ရှိမယ်။) လေကြောင်းကုမ္ပဏီတွေဟာ အဲဒီမေ့ကျန်ခဲ့တဲ့ ခရီးသည်တွေရဲ့ အိတ်တွေကို ပြန်ပေးပို့ဖို့အတွက် သုံးရတဲ့ကုန်ကျစရိတ်က နှစ်စဉ် ၂.၅ ဘီလျံရှိတယ်တဲ့။ ဒါက ဒီတစ်နေရာထဲမှာပြောတာ။ နေရာဌာနအမျိုးမျိုး အကြောင်းအရာအမျိုးမျိုးနဲ့ မေ့တတ်ကြတဲ့လူတွေအတွက် နစ်နာဆုံးရှုံးမှု စရိတ်ကိုတွက်ရင် နည်းမှာမဟုတ်ဘူး။ ဒါကြောင့် မေ့တဲ့သူတွေပေးတဲ့ ဒုက္ခကမသေးပါလားပြောရမယ်။

ဒါပေမယ့် ဘယ်သူမှ ဒုက္ခမပေးတဲ့ မေ့တတ်သူတွေလည်း ရှိပါတယ်။ မေ့တတ်တဲ့ပုံပြင်တစ်ပုဒ်ထဲမှာ ရေခပ်သွားတဲ့သူတစ်ယောက်ဟာ ရေပုံးနဲ့ကိုယ့်ကိုယ်ကို မှားယွင်းပြီး ရေတွင်းထဲရေပုံးချရမယ့်အစား သူကရေတွင်းထဲ ခုန်ချသွားတာ ကိစ္စချောရောတဲ့။

ကဲ... ဖတ်ပြီးရင်လည်း မေ့ပစ်လိုက်တော့။


သစ္စာနီ (ပြုတ်စဗျင်းတောင်းရီဗြူး နှင့် စကားပြောသောအက်ဆေး)

စနေနေ့၌ မိုးခိုခြင်း

ကောင်းကင်က…

ပင်လယ်တစ်ခု မှောက်ကျလာသမျိုး

မိုးဟာ…

နေရောင်ခြည်တွေ ရွှဲစိုလောက်အောင်ရွာလို့

အသံဗလံတွေ မျောပါသွားလောက်အောင်ရွာလို့

အချိန်နာရီတွေ နစ်မြုပ်ကုန်လောက်အောင်ရွာလို့။

ငါကတော့…

ချောင်ကျကျ လက်ဖက်ရည်ဆိုင်မှာ

မိုးခိုမိပေါ့။

ဟိုမှာ…

တံစိတ်မြိတ်အောက်က ခိုတစ်ကောင်

အသုံးမကျတဲ့ အတောင်နဲ့၊

မှောင်လည်းမှောင်၊ တိတ်လည်း တိတ်ဆိတ်

(မိုးသံကလွဲလို့ပေါ့လေ)။

ဒီလိုနဲ့…

မိုးကလွဲလို့

အားလုံးနဲ့ လွဲခဲ့ပေါ့

သစ္စာနီ