Monday, December 26, 2011

၉ / ဘဝ

တစ်ရက် နှစ်ရက်...

တစ်လ နှစ်လ...

ဒီလိုနဲ့ပဲ

သူ့ပခုံးပေါ်လဲ အိပ်ဖူးရဲ့။

သူ့နဖူးလည်းနမ်းဖူးရဲ့။

သူ့ရှေ့တော်မှောက်လည်း ဒူးထောက်ဖူးရဲ့။

သူ့မျက်စောင်းဒဏ်လည်း ကျေနပ်စွာခံယူဖူးရဲ့။

ထားပါလေ။

လက်တွဲခဲ့တာပဲ မြဲဖို့အရေးကြီးတာပဲလေ။

ခွင့်လွှတ်ခြင်းတွေ

နားလည်မှုတွေ

တခါတလေလဲ ပျောက်ရှ၊

အတ္တတွေကို ချိုးနှိမ်ပြီး ရှေ့ဆက်ကြ။

လဲကျတဲ့အခါ ဖေးကူရင်း

ဖြူစင်တဲ့ မေတ္တာနဲ့

သစ္စာရှိရှိ လျှောက်လှမ်းရင်း


ကြယ်တွေကြွေတဲ့ ညတွေဆုတောင်းရင်း

ဒီနေ့  ဒီအချိန် ဒီနေရာ ဒီကဗျာအထိ

အမှတ်တရ ရှိနေမိတာ လုံးဝမညာဘူး

စကားပြောကောင်းသူတစ်ယောက်

မဟုတ်တဲ့ ငါ့အတွက်

ဘယ်ဘက်ရင်အုံမှာ သူ့အတွက်

ချစ်ခြင်းတွေ အပြည့်နဲ့။


Thursday, October 20, 2011

“ဗင်းဆင့်ဗန်ဂိုးရဲ့ ဆက်သွယ်ရေးလုပ်ငန်း"

တခါတုန်းက
ခင်ဗျားကိုင်တဲ့ ဟန်းဖုန်းမျိုး
ဗင်းဆင့်ဗန်ဂိုးဆီမှာ မရှိခဲ့ဖူးဘူး။

ဒါပေမယ့်
သူချစ်တဲ့ သူ့ကောင်မလေး
ပြောချင်ရာ ပြောဖို့ဆိုပြီး
သူ့နားရွက်ကလေးတဘက်ကိုတော့
လက်ဆောင်အဖြစ်
ဖြတ်ပေးခဲ့ဖူးရဲ့။

တခါတုန်းက
ခင်ဗျားစီးနေတဲ့
မော်တော်ကားလှလှ တစီးမျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး။

ဒါပေမယ့်
ခင်ဗျားစိတ်ကူးတွေ
လမ်းလျှောက်နိုင်အောင်လို့ဆိုပြီး
ဆိုက်ပရပ်စ်ပင်တွေနဲ့
လမ်း ပန်းချီကားကိုတော့
လက်ဆောင်အဖြစ် ခင်ဗျားအိမ်ရဲ့ နံရံဖြူဖြူပေါ်မှာ
ရေးခြစ်ထားခဲ့လေရဲ့။ ။


သော်ဒီဝေ

အမေ

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်

သျှပ်မှူးကျော်..ကလောင်အမည်ဖြင့် ထူးအိမ်သင်ရေးဖွဲ့ခဲ့တဲ့ကဗျာလေးပါ.

Saturday, October 15, 2011

ခင်ဗျားတို့ မေ့တတ်ကြလား

မေ့တတ်တယ်ဆိုတာ လူတိုင်းနဲ့မကင်းနိုင်တဲ့ အရာပါပဲ။ သာမန်လူတွေအတွက် ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ထူးခြားတဲ့ စိတ်ရောဂါမဟုတ်တော့ ပူပန်စရာမရှိပါဘူး။

မေ့တတ်တဲ့လူတွေထဲမှာတော့ ပါမောက္ခတွေ၊ အိုင်းစတိုင်းတို့လိုပညာရှင်ကြီးတွေက ထိပ်ဆုံးကလို့ ဆိုကြတယ်။ (တကယ်တော့ မဟုတ်ပါဘူး။ ရယ်စရာပျက်လုံးထုတ်ထားတဲ့ ပုံပြင်တွေပါပဲ။) ပါမောက္ခတွေ၊ ပညာရှင်တွေ၊ စာရေးဆရာကြီးတွေဟာ အချိန်ရှိသမျှ လေးလေးနက်နက်ကိစ္စတွေကို တွေးတောနေရင် တော်ရုံအသေးအဖွဲ ကိစ္စလေးတွေကို အာရုံမပြုနိုင်တဲ့သဘောပါ။

ပါမောက္ခကြီးတစ်ဦးက ကြက်ဥပြုတ်တာ ဘယ်နှစ်မိနစ်ကြာအောင်ပြုတ်ရတယ်ဆိုတဲ့အညွှန်းကြောင့် နာရီကြည့်ပြုတ်ဖို့လုပ်တယ်။ ဒါပေမယ့် တကယ်လုပ်ဖြစ်တာက အိတ်ဆောင်နာရီကို ရေနွေးအိုးထဲ ပစ်ထည့်ပြီး ကြက်ဥကို လက်ကကိုင်ကြည့်နေတယ်တဲ့။ စာရေးဆရာကြီးတစ်ဦးကလည်း မျက်မှန်သုံးလက် ဆောင်ထားရတယ်။ တစ်လက်က အနီးကြည့်ဖို့၊ တစ်လက်က အဝေးကြည့်ဖို့၊ တစ်လက်ကတော့ အဲဒီမျက်မှန်နှစ်လက်မေ့ပြီး ဘယ်မှာထားမိမှန်းမသိဘဲ ပျောက်နေရင်ရှာဖို့တဲ့။ ကျွန်တော်လည်း မိုးတွင်းဆို ထီးသုံးလက်ထားရတယ်။ တစ်လက်က အဝေးသွားရင် ဆောင်းဖို့၊ တစ်လက်က အိမ်ထဲမှာ မိုးယိုရင်ဆောင်းဖို့၊ တစ်လက်က အဲဒီထီးနှစ်လက်ပျောက်ရင် ထီးဆောင်းပြီးရှာဖို့ မဟုတ်ပါဘူး။ မိုးတွင်းတိုင်းလိုလို လက်ဖက်ရည်ဆိုင်မှာတစ်လက်၊ ဘတ်စ်ကားပေါ်မှာတစ်လက်၊ ရုပ်ရှင်ရုံထဲမှာတစ်လက် မေ့ကျန်ခဲ့ပြီး ပျောက်တတ်လို့ပါပဲ။

အဲသလို မေ့တတ်တာက အားငယ်စရာတော့ မရှိဘူးခင်ဗျ။ ဂျီနီဗာမှာဖွင့်ထားတဲ့ SITA ဆိုတဲ့ လေကြောင်းသတင်းနည်းပညာ တပ်ဆင်ရေးကုမ္ပဏီက ထုတ်ပြန်လိုက်တဲ့သတင်းမှာ အဲဒီနှစ် ခရီးသွားတဲ့သူတွေဟာ လေဆိပ်တွေမှာ သူတို့ရဲ့ အိတ်သန်းပေါင်း (၃၀) လောက်ကို မေ့ထားခဲ့ကြတယ်တဲ့။ များလှချည်လားမပြောနဲ့။ အဲဒါဟာ ခရီးသည်တွေယူဆောင်လာမယ့် အိတ်တွေရဲ့ တစ်ရာခိုင်နှုန်းပဲရှိပါတယ်။ (၂၀၀၆ မှာလေယာဉ်နဲ့ ခရီးသွားမည့်သူ နှစ်ဘီလျံလောက်ရှိမယ်။ ဒီတော့ သူတို့ဟာ ဆောင်လာမယ့်အိတ်တွေက အနည်းဆုံး သုံးဘီလျံလောက်ရှိမယ်။) လေကြောင်းကုမ္ပဏီတွေဟာ အဲဒီမေ့ကျန်ခဲ့တဲ့ ခရီးသည်တွေရဲ့ အိတ်တွေကို ပြန်ပေးပို့ဖို့အတွက် သုံးရတဲ့ကုန်ကျစရိတ်က နှစ်စဉ် ၂.၅ ဘီလျံရှိတယ်တဲ့။ ဒါက ဒီတစ်နေရာထဲမှာပြောတာ။ နေရာဌာနအမျိုးမျိုး အကြောင်းအရာအမျိုးမျိုးနဲ့ မေ့တတ်ကြတဲ့လူတွေအတွက် နစ်နာဆုံးရှုံးမှု စရိတ်ကိုတွက်ရင် နည်းမှာမဟုတ်ဘူး။ ဒါကြောင့် မေ့တဲ့သူတွေပေးတဲ့ ဒုက္ခကမသေးပါလားပြောရမယ်။

ဒါပေမယ့် ဘယ်သူမှ ဒုက္ခမပေးတဲ့ မေ့တတ်သူတွေလည်း ရှိပါတယ်။ မေ့တတ်တဲ့ပုံပြင်တစ်ပုဒ်ထဲမှာ ရေခပ်သွားတဲ့သူတစ်ယောက်ဟာ ရေပုံးနဲ့ကိုယ့်ကိုယ်ကို မှားယွင်းပြီး ရေတွင်းထဲရေပုံးချရမယ့်အစား သူကရေတွင်းထဲ ခုန်ချသွားတာ ကိစ္စချောရောတဲ့။

ကဲ... ဖတ်ပြီးရင်လည်း မေ့ပစ်လိုက်တော့။


သစ္စာနီ (ပြုတ်စဗျင်းတောင်းရီဗြူး နှင့် စကားပြောသောအက်ဆေး)

စနေနေ့၌ မိုးခိုခြင်း

ကောင်းကင်က…

ပင်လယ်တစ်ခု မှောက်ကျလာသမျိုး

မိုးဟာ…

နေရောင်ခြည်တွေ ရွှဲစိုလောက်အောင်ရွာလို့

အသံဗလံတွေ မျောပါသွားလောက်အောင်ရွာလို့

အချိန်နာရီတွေ နစ်မြုပ်ကုန်လောက်အောင်ရွာလို့။

ငါကတော့…

ချောင်ကျကျ လက်ဖက်ရည်ဆိုင်မှာ

မိုးခိုမိပေါ့။

ဟိုမှာ…

တံစိတ်မြိတ်အောက်က ခိုတစ်ကောင်

အသုံးမကျတဲ့ အတောင်နဲ့၊

မှောင်လည်းမှောင်၊ တိတ်လည်း တိတ်ဆိတ်

(မိုးသံကလွဲလို့ပေါ့လေ)။

ဒီလိုနဲ့…

မိုးကလွဲလို့

အားလုံးနဲ့ လွဲခဲ့ပေါ့

သစ္စာနီ

Saturday, September 3, 2011

အမည်မဲ့ (၁)

ဘယ်သူတွေလဲ

တိုးလျှိုးပေါက်ခန္ဓာကိုယ်နဲ့

တီးလုံးမဲ့ ကခုန်နေတာ။

ဘယ်သူတွေလဲ

သက်တန့်ရောင် အရေပြားနဲ့

အတောင်ပံမရှိပဲ ပျံဝဲနေတာ

ဘယ်သူတွေလဲ

မှန်နဲ့လုပ်ထားတဲ့ကမ္ဘာနဲ့

သဘာဝတရားကို ဖျားယောင်းနေတာ။

အဲဒါ

ဆပ်ပြာဖူဖောင်းတွေပေါ့

သူတို့နာရီက မြန်တယ်

သူတို့အိပ်မက်က မြန်တယ်

သူတို့အသက်ရှူသံက မြန်တယ်

ဆပ်ပြာပူဖောင်းဆိုတာ

လေကပွင့်တဲ့ ပန်းဖြစ်တယ်။

သစ္စာနီ (ဒဂုန်မဂ္ဂဇင်း – ၁၉၈၆)

Thursday, August 25, 2011

လွမ်းတတ်သူရဲ့ည

နာကျင်မှုတွေကို အရောင်ဆိုးမလို့လားကွယ်။
ငါဟာတေလေ အမြဲတမ်းမှန်တဲ့မင်းအတွက်
ဒါပေမဲ့ အရေးကြုံရင် သက်လုံကောင်းပါတယ်။
ပုံပြင်နားမထောင်ခဲ့ရတဲ့သူ
ပုံပြင်မပြောတတ်တာဆန်းသလားကွယ်။
အေးစက်စက်စကားလုံးတွေ နောက်မှာ
နွေးထွေးတဲ့နှလုံးသားရှိတတ်တာရော ဆန်းသလားကွယ်။
ဟိုး မှာတွေ့လား
လွမ်းမောနေတဲ့ ရင်ဘတ်တခြမ်း
နက်ဖြန်အတွက် ဒီနေ့ထဲကညမအိပ်တဲ့သူ။

ဟောသည် ရင်ဘတ်ထဲက
မြင်နေရတဲ့ ချစ်သူဟာ
ကျွန်တော့်ကမ္ဘာမှာ
စိုးမိုးနေရဲ့။



Thursday, August 18, 2011

ဆေးလိပ်ဖြတ်သူများ

ဆေးလိပ်သောက်သူတွေကြားမှာ

ငါဒီနေ့ဆေးလိပ်မသောက်သေးဘူးကွ ဆိုတဲ့စကားက

ကြွားဝါစရာတစ်ခု ဖြစ်လိုဖြစ်၊

ဒီနေ့ငါ တစ်ဗူးကုန်သွားပြီဆိုတာကလည်း

တကယ်ကိုရှိန်စရာ ကိစ္စတစ်ခုဖြစ်လိုဖြစ်၊

ဆေးလိပ်ဖြတ်ဖို့ကို အဆီခံလောက်တောင် မခိုင်မာတဲ့စိတ်ဓါတ်နဲ့

မကြာခဏကြွေးကြော်လိုက် မကြာခဏပဲ ကျရှုံးသွားလိုက်

မီးခိုးငွေ့သံသရာလည်နေလိုက်ပုံ၊

ဟိုအဆိုတော် ဆေးလိပ်ဖြတ်မယ် အရက်လည်းဖြတ်မယ်

ငါနင့်လဲဖြတ်ပစ်မယ် အော်နေချိန်မှာ

ဒီလူတွေက ဆေးလိပ်ချမယ် အရက်လည်းချမယ် …. အင်း အဲဒါပါပဲ၊

မိုက်လုံးကြီးပုံက ဖွာလိုက်တဲ့မီးခိုး ရှိုက်လုံးကြီးတွေအတိုင်း

ခံတွင်းချဉ်လို့ပါ၊ တခုခုလိုနေလို့ပါ၊ အကျင့်ပါနေလို့ပါ၊

ကမ္ဘာမြေထုထက် ကြီးကျယ်ခိုင်မာတဲ့ ဆင်ခြေတွေကို ပါးစပ်မှာတပ်ပြီး ဖွာရှိုက်ကြ၊

ဟိုတံဆိပ်ကမကောင်းဘူး၊ ဒီတံဆိပ်ကဘယ်လို၊ ငါက ဒါမျိုးမှသောက်တာ

တစ်ဖွာလောက်ပေးစမ်းပါကွာ မနေနိုင်တော့လို့ လုပ်ပါ၊

ပီကေစားတဲ့သူနဲ့ လော်လီပေါ့ ငုံတဲ့သူနဲ့ ဘယ်သူဘယ်နှစ်လကြာလို့လဲ

၂၀၁၀ မှာဖြတ်ပြီး ၂၀၁၀မှာပဲ အော်လိုက်တယ် ဟေ့ဒီကို ရူဘီတစ်ပွဲ ..၊

နိုင်ငံခြားဆေးလိပ်ဘူးတွေမှာပါတဲ့ ပုံဆိုးပန်းပျက်တွေကလည်း ကိုယ်နဲ့ပဲမဆိုင်သလိုလို

လူ့ဘ၀တိုတိုကို ဆေးလိပ်တိုတိုနဲ့ ဖြည်းဖြည်းလေး မှုတ်ထုတ် ဟူး…. စိတ်ထွက်ပေါက်ပါဗျာတဲ့

သေနေ့စေ့ရင် သေမယ့်အတူတူ သူများအပြောအဆိုကလဲ ခံရသေးသကို…၊

၆တန်းနှစ်၊ အိမ်နောက်ဖေး၊ လန်ဒန်၊ မီးခြစ်၊ လူကြီးတွေမရှိ၊ ဖွာရှိုက်၊ မူးလဲ၊

အဲဒီကတည်းကစပြီး ခဏနားသွားတဲ့ မီးခိုးငွေ့ဇာတ်လမ်းက

၁၀ တန်းအရောက်မှာ နုတ်ခမ်းထောင့်တွဲလဲခိုတဲ့

အထာနဲ့ မျက်လုံးလေးမှေးလိုက်မယ် နုတ်ခမ်းကတခြမ်းထဲမဲ့ပြုံး

တီဗွီထဲကကောင်နဲ့ ဘယ်သူပိုလန်းသလဲကြည့်လေ၊

အင်တာနက်မှာရှာကြည့် benefits of smoking ဆိုပြီးတော့

မရမကရှာရင်တွေ့လိမ့်မယ် it can reduce the stress တဲ့၊

ကျွန်တော်တို့က တံဆိပ်ရွေးတဲ့ ပိုးဖလံတွေဖြစ်တယ်

မီးတောက်တိုင်း ၀င်တိုးတာမဟုတ်ဘူး၊

အရောင် အဆင်း အနံ့ အရသာ အထိအတွေ့ကအစ

မိုက်သက်အရသိတယ်၊

ပြောရင်းဆိုရင်း ဂုဏ်ယူသလို လေသံကထွက်နေပြန်တော့မှ

ကိုယ့်မိုက်တွင်းဘယ်လောက်နက်သလဲဆန်းစစ်ကြည့်

ခပ်တိမ်တိမ်ဆိုရင် ပြာခွက်လုပ်မလားတောင်စဉ်းစားမိ၊

ဒူးယား သွားပြီ၊ လန်ဒန် သွားပြီ၊ ဗီးဂပ်စ် မှိန်မှိန်၊ ဗွီမထင်ရှား၊

ပရီမီယမ် မခိုင်မာ၊ အနီနဲ့အပြာေ၀၀ါး၊ ဒိုင်းမွန်းအာ ဖေါ်အဲဗား၊ ဘယ်လိုလဲ ရူဘီချစ်သား..

မီးခိုးဈေးကွက်ထိုးစစ်ကြားက ခပ်ပြုံးပြုံး ဓါးစာခံ သူကောင်းသားတို့မှာ

ကွာလတီ နပ်မမှန်တာတောင် ရွေးချယ်စရာမရှိလို့

တစ်လိပ်ပစ်ချ နောက်တစ်လိပ် မီးညှိနေရတာ

တကယ် ဟိုကောင် ချောင်ပိတ်ရိုက်ခံနေရသလို…၊

No Smoking ဆိုရင် တချို့က Anytime လို့ ထပ်ရေးတယ်

ဒီလူတွေက No Smoking အနောက်မှာ Without Fire ပဲ၊

ဖြတ်သန်းမှုစရိုက်အရ သဘာဝကျချင်တဲ့အခါ

ဖက်ကြမ်းလဲ ခဲသင့်ခဲခဲ့တယ်၊ ဆေးရွက်က တခါတလေခြောက်တယ်၊

တထောက်ထောက် လက်ညှိုးနဲ့တောက်လို့

ပုဆိုးကို မီးမပေါက်ဖူးရင် ဆေးလိပ်သမားမပီသသလိုလို..၊

ဘုန်းကြီးတစ္ဆေထက်လည်းဆိုးရဲ့

ကိုယ့်ကျိန်စာ ကိုယ်မိနေတဲ့ မတောက်တခေါက် မှော်ဆရာလို

အနာသိလျက် ဆေးမရှိကြပုံများ

ကိုယ့်ကိုကိုယ်ကလွဲလို့ ဘယ်သူကမှ သနားကြမယ်မထင်ပါဘူးလေ…။


ဂယက်

ရှင်ကွဲ

ငါတို့ရှေ့မှာ

ရထားဟာ ခါတိုင်းထက် ပိုမိုရှည်လျား

ဥသြဆွဲသံများကလည်း

ဖွာရရာ ထစ် ချုန်း ပြတ် တောက် ကျနေခဲ့။

နှုတ်မဆက်မိရင်လည်း အကောင်းသား

နှုတ်ဆက်လိုက်ကြတော့

ဘူတာဟာ

အဝါဖျော့ဖျော့နဲ့ ဂူသချိုင်္င်း ဆန်လာ။

ကံကြမ္မာက

မျဉ်းတစ်ကြောင်းတည်းပေါ်မှာ

ခွာလေးဘက် မရပ်နိုင်ခဲ့ဘူး။

ဘယ်သူ့ကိုမှ မပြောနဲ့

ဘယ်သူ့စကားကိုမှ နားမထောင်ဘူး

မြေလို ပင်လယ်လို အက္ခရာတစ်လုံးနဲ့

ငါတို့ ဆက် ချစ် နေကြဦးမယ်။

မမေ့ဘူးကွယ်

ဘယ်တော့မှ မမေ့ပါဘူး

ရက်စက်သွယ်ပျောင်းတဲ့

မီးခိုးလက်ချောင်းတွေက

ငါတို့ကို အပွင့်ခူးချိန်။

ရထားဟာ

လောက လူရိုင်းရဲ့ မှုတ်ပြောင်းဝကနေ

အဆိပ်တွေနဲ့

တုန်ယင်စွာ လူးလွန့်ထွက်ခွာခဲ့ရပေါ့။


တာရာမင်းဝေ

Tuesday, July 26, 2011


'ဘဝတစ်ဆစ်ချိုး' ဟူသောအဆိုကို လက်ခံလျှင် ဘဝတွင် ထောင့်ပေါင်းမည်မျှ ရှိသနည်း ?

Friday, July 22, 2011

သံယောဇဉ်

အမျှင်သေးသေး
အမြင်ဆွေးလည်း
ရှောင်ပြေးမလွတ် သာတကား။

မင်းလူ

Monday, July 18, 2011

အာဇာနည်နေ့


ကျွန်တော် Online ပေါ်မှာရှာတွေ့တဲ့ အာဇာနည်နေ့အထူးထုတ်စာစောင်ပါ။ အာဇာနည်ကြီးများရဲ့ ကိုယ်ရေးရာဇ၀င်အသေးစိတ်များနဲ့တ​ကွ ဦးစောရဲ့ကိုယ်ရေးရာဇ၀င်၊ လုပ်ကြံရတဲ့အကြောင်းရင်းများကို​ရေးသားတင်ပြထားပါတယ်။ ဖတ်ရူ့သင့်တဲ့စာစောင်တစ်ခုပါ။ အာဇာနည်နေ့ကို လေးမြတ်စွာ အလေးပြုအပ်ပါသည်။
အာဇာနည်နေ့ သို့မဟုတ် မြန်မာ့သမိုင်း၌မမေ့အပ်သော နေ့တနေ့

Tuesday, July 12, 2011

ချစ်သူသို့

သံချေးတစ်ထပ် ရွှံ့တစ်ထပ်မို့

သူတို့ရဲ့ စိတ်အတင်အချကို

မင်း ဘယ်လိုမှ ဖတ်လို့ရမှာမဟုတ်ဘူး။

အာငွေ့မှုတ်သံတွေ ကြားမှာပဲ

ရယ်ကာမောကာ တစ်နွေလုံးပိတ်

ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် အိပ်ပစ်လိုက်ကွယ်…

ချစ်သူရေ

လောကမာယာဆိုတာ

အတီးခံရတဲ့ ဗုံတွေရဲ့ဂီတပါပဲ။

စစ်တုရင် တစ်ပွဲလုံးကို

ဆွဲမှောက် ခံလိုက်ရပေမယ့်

ဘာဖြစ်လဲ

ဝမ်းမနည်းကြေး

တို့တွေ ရွာသွန်းကြရုံပေါ့။

ယုံကြည်ထားစမ်း

ရေခိုးရေငွေ့ကလည်း

ပင်လယ်ကို ပစ်ပေါက်စိုက်ပျိုးနိုင်တယ်ဆိုတာ။

တာရာမင်းဝေ

‘ပလုံ’

ရေထဲကို ခဲကျသွားတာလည်း ဖြစ်နိုင်တယ်
ရေထဲက ငါးခုန်တက်လာတာလည်း ဖြစ်နိုင်တယ်

တစ်နေ့မှာ ငါ့အတ္ထုပ္ပတ္တိကို ငါဖွင့်ကြည့်လိုက်တယ်
ဘယ်လိုဖြစ်သွားသလဲ မသိဘူး။

‘ပလုံ’

တာရာမင်းဝေ

Monday, June 20, 2011

မျက်လုံးမှိတ်ထားတယ်။

မျက်လုံးမှိတ်ထားတယ်။

စာရေးတတ်တယ်။
စာရေးဆရာမဟုတ်ဘူး။
ကဗျာရေးတတ်တယ်။
ကဗျာဆရာမဟုတ်ဘူး။
သီချင်းဆိုတတ်တယ်။
အဆိုတော်မဟုတ်ဘူး။
စဉ်းစားတတ်တယ်။
တွေးခေါ်ပညာရှင်မဟုတ်ဘူး။
ဦးဆောင်တတ်တယ်။
ခေါင်းဆောင်မဟုတ်ဘူး။
............. တတ်တယ်။
............ မဟုတ်ဘူး။
အဲဒါဆို မင်းကဘာလဲ
ဘာမှမဟုတ်ဘူး။ (ပညာရှိတို့မည်သည် မိမိကိုယ်ကို နှိမ့်ချရာ၏တဲ့။)

ကကြီး၊ခခွေး ကောင်းကောင်းတတ်ရင်
စာ/ကဗျာ ရေးနေတဲ့ခေတ်မှာ
ငါလဲ ကဗျာ လိုက်ရေးတယ်။
ဘယ်မှာလဲ မင့်ကဗျာ ??
အပေါ်ကအပိုဒ်မှာ
"ကဗျာ" လို့သေသေချာချာ ရေးလိုက်တာ။
နုံပါ့ ကိုယ့်လူရာ။

မြန်မာဗီဒီယိုတွေ တစ်ရက်သုံးကား
ရိုက်နေတဲ့ခေတ်မှာ ဘာမဆိုဖြစ်နိုင်တယ်။
"ဟိုလူကြီး" မကောင်းဘူး !
အဲလိုပြောရင်တော့ အမေ့ထမင်းစားလို့ မရတော့ဘူး။

သီအိုရီအရ
အိပ်ရာနိုးရင် မျက်လုံးအရင်ဖွင့်၏။
ဆော့ခရေတ္တိ(Socrates) ကွန်ပြူတာမသုံးတတ်။
ရွှေပြည်ကြီးမှာ မီးပျက်၏။
နေဟာ ကမ္ဘာရဲ့
အလှည့်ပတ်ခံပစ္စည်းဖြစ်နေတယ်။ …
အထက်ပါအဆိုများလက်ခံရင်
သံလမ်းရထားကြိတ်တဲ့ကိစ္စမှာ သံသရာလည်ကြောင်းမလို။

အစကပြန်ကောက်မယ်။
အပေါ်ကစာပိုဒ်တွေကဘာလဲ။
နားမလည်ရင် သေချာပြန်ဖတ်ပါ။
.............
............
(ပညာရှိတို့မည်သည် မိမိကိုယ်ကို နှိမ့်ချရာ၏တဲ့။)

ပြောမှသတိရတယ်။
မျက်လုံးမှိတ်ထားတယ်။


သားငယ်

Tuesday, June 7, 2011

....................

ရေးစရာ တွေးစရာ လွမ်းစရာ ဆွေးစရာ တပုံတပင်ကြီး ရင်ဘတ်နဲ့မမျှအောင် ရှိနေတဲ့အကြောင်း ပြောရင်းနဲ့ နိဂုံးချုပ်လိုက်ပါရစေ။

Sunday, May 29, 2011

ပင်ဂွင်း

(၁)
ဥတ္တရဝင်ရိုးစွန်းနဲ့ လက်ထပ်ထားတဲ့
ရေခဲနတ်သမီးမွေးနေ့ပ
အေးရှမာစို
အက်စကီမိုတွေရဲ့ အလောင်းပေါ်တက်
(၇၅)ကြိမ်မြောက် ငှက်တွေတောင်မှ
ဂုဏ်ပြုသီချင်းဆိုကြပေါ့။
(၂)
ပြီးဆုံးသွားတဲ့အခါ
အိမ်ပြန်ဖို့ရာ ငှက်တွေလမ်းလျှောက်
ကိုယ့်တုတ်ကောက် ကိုယ်ယူလာရမယ့် ညီလာခံ
(ဟုတ်တယ်လေ)
အတောင်ပံတွေရပေမယ့်
သူတို့ ပျံမှ မပျံသန်းနိုင်ကြတာပဲ။ ။


မင်းခိုက်စိုးစန်
ရာစုသစ်မြစ်ကျဉ်း (၃)

ကန္တာရသက်သက် ကောင်းကင်ဘုံ

နွမ်းချိယိုင်လှုပ်
ကုလားအုတ်တစ်ကောင်နဲ့ပ
ငါ.. လာခဲ့တယ်
အဲဒီ ကုလားအုတ်ဟာ ငါပါပဲ။

လူအငွေ့အသက်တွေနဲ့ စေးကပ်နေတဲ့
လူတွေရဲ့ ကန္တာရထဲ
ဝဲစားခွေး တစ်ကောင်လို
သွားရည်တမြားမြားယို၊ ခေါင်းငိုက်စိုက် ..သွား
ငါ ..လမ်းတွေမှားခဲ့ ..

ကနုတ်မွန်းချွန် အမြင့်အမားနဲ့
ရွှေရောင် နန်းတော်တွေကြား
ကျောက်ဖြူသား လေးထောင့်ကွက်စီရင်ပြင်
နီရဲစွတ်စို နှင်းဆီပျိုဥယျာဉ်
အမတ ရေစင် ကန်မင်္ဂလာ
ကြေးသွန်း မျက်နှာ ခန့်ညားနဲ့
တံခါးမ ဒိုင်းလွှား အဆောင်အယောင်တွေကြားမှာ
ခရာရှည် တံပိုး
မုရိုးမြောက် စည်သံတွေကြားမှာ
ငါ
ရေငတ် ခြောက်မွတ်
တတွတ်တွတ် တရကြမ်း ရှာဖွေရင်းသွားခဲ့
အပဏ္ဏက ဇာတ်ထဲက လှည်းသားငါးရာ
ဘီလူးစားခံရတာ
ဘာဆန်းသလဲကွယ် …

ဒီမှာတော့
ပိဋကတ်တိုက်သုံး စာအုပ်ကတ်တလောက်လို
ဆံခြည်မျှင်လေးတစ်စ
လျှိုဖြဲဟ မရအောင်
(လူတွေ) အခဲတမျှ စုပုံ ကန္တာရ
အပေါ် .. နေတစ်စင်း
အောက် .. နေတစ်စင်း
အပြင်းစား ယာဉ်စွန်းတန်းသစ် တစ်ခုပေါ်က ကန္တာရ
အဲဒီ
မဟာ ရန်ကုန် ကန္တာရထဲမှာ
ညတွေ
ကြိုးဆွဲချ သေပစ်လိုက်ကြရှာတာပေါ့။ ။

မင်းခိုက်စိုးစန်
(၁၉၉၃)
တိတ်ဆိတ်ခြင်း၏နာမတော်မှ

အသည်းကွဲပြီးနောက် သတင်းစကား

ခင်ဗျားတို့ဟာ
သကြားလုံးတစ်လုံးရဲ့
အချိုဆုံးစက္ကန့်ကို ဆွဲဆန့်ချင်သူတွေပဲ။

ဟိုတစ်နေ့က
သူမနဲ့တွေ့ပြန်တော့
အရောင်းစာရေးဆန်ဆန် မေးပါတယ်
ဘာကို အလိုရှိလဲ တဲ့
လေကောင်းလေသန့်လို့ ဆိုရင်
အံ့သြနေကြလိမ့်မယ်။

အလို..
ဘယ်လို ဂီတပါလိမ့်
မင်ရည်ကျဲသွားတဲ့ ဒိုင်ယာရီ ဆိုပါလား
သူတိုဟာ ကျွန်တော့ ကော်ဖီထဲက မလိုင်ပါ
ဂုဏ်ယူလိုက်စမ်းပါ ကိုယ့်လူရေ။

သြော် ..ဒါနဲ့
သင့်အိမ်နံရံပေါ်မှာ
ပြက္ခဒိန်တစ်ခု အသံဝင်နေတာ
ဘယ်လောက်ကြာပြီလဲ။ ။

လှသန်း
ဇန္နဝါရီ ရနံ့သစ် ၁၉၉၀

Wednesday, May 25, 2011

လူတွေရဲ့ ဘက်လိုက်တတ်တဲ့ သဘာဝ


  • လူတွေမှာ အစွဲကလေးတွေ ရှိတတ်ကြသည်။
  • အယူအဆစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ စသဖြင့်။
  • အဲသည်အထဲမှာ အားအကြီးဆုံးက ငါစွဲ။

ကိုယ့်ဘာသာကိုယ်တော့ "မျှမျှတတ မှန်မှန်ကန်ကန် မြင်သည်" ဟုထင်တတ်ကြသည်။သို့သော် ပြောရာဆိုရာ လုပ်ကိုင်ရာများမှာ သတိထားပြီးကြည့်လျှင် တစ်ဖက်ဖက်က လိုက်နေမိတာတွေ၊ အစွဲကလေးနဲ့ ဆုံးဖြတ်မိတာတွေရှိနေတာ တွေ့ရလိမ့်မည်။

လူတွေမှာ ရှိတတ်ကြသည့် အဲသည်သဘောကို Tom Knight ဆိုသော ပုဂ္ဂိုလ်က အခုလိုရေးသည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

စဉ်းစားကြည့်ရင် ရယ်စရာဗျ။

ဟိုလူ အလုပ်တစ်ခုကို အကြာကြီး အချိန်ယူပြီး လုပ်နေရင် သိပ်နှေးကွေးတဲ့လူလို့ ပြောတယ်။ ကိုယ်ကြာနေရင်တော့ အဲဒါ စေ့စပ်သေချာတာ တဲ့။

ကိစ္စတစ်ခုကို ဟိုလူမလုပ်ရင် ပျင်းတာ။ ကိုယ်မလုပ်တာက အလုပ်များလို့။ ကိစ္စတစ်ခုကို သူ့လုပ်ပါ မပြောဘဲနဲ့ ဟိုလူထလုပ်ရင် အဲဒီလူ ဘောင်ကျော်တာ။ ကိုယ်လုပ်တာဆိုရင်တော့ အလုပ်လပ်မြင်တာ၊ ကိုယ့်ဉာဏ်နဲ့ကိုယ် တီထွင်ကြံဆပြီး လုပ်တတ်တာ။

ဟိုလူက သူ့အယူအဆကို အကြောက်အကန် ပြောနေရင် အဲဒါ တစ်စောက်ကန်း တစ်ယူသန်။ ကိုယ်ပြောနေရင်တော့ သဘောထားပြတ်သားခိုင်မာတာ။

အစဉ်အလာကျင့်ဝတ်စည်းကမ်း တစ်ခုတလေ ဟိုလူချိုးဖောက်ရင် အဲဒီလူ ယဉ်ကျေးမှု မရှိတာ။ ကိုယ်ဂရုမစိုက်ခဲ့ရင်တော့ ဟာ.. မရဘူး၊ ကျွန်တော်က ကိုယ့်ပုံစံနဲ့ကိုယ်ပဲ။... တဲ့။

လူအတော်များများ အဲသည့်အတိုင်းပဲဟု သင်မြင်မိလိမ့်မည်။ သင်ကိုယ်တိုင်ကော ဘယ်လိုရှိပါသလဲ။

ဖေမြင့်

"စာဖတ်သမား၏ မှတ်စုများ" မှ



Monday, May 23, 2011

စားသောက်ဆိုင်မှာ ပြတဲ့ လူနေမှု အဆင့်အတန်း

Buffet စားသောက်ဆိုင် တစ်ခု၏ စားပွဲပေါ်မှ သတိပေး စာတမ်းကို တွေ့ရစဉ်

ဒီနေ့ တနင်္ဂနွေ နေ့လည်းဖြစ်၊ ရာသီ ဥတု မှာလည်း နေထိုင်လို့ ကောင်းတဲ့ အပူချိန် အနေ အထား မှာရှိလို့ တစ်ယောက်တည်း ညနေဖက် အိမ်မှာ ထမင်း ချက်မစား ချင်တော့ဘဲ၊ အိမ်အနီး မှာရှိတဲ့ ကလပ်ဖက်ကို ညစာ စားဖို့ လမ်းလျှောက်ခဲ့ပါတယ်။ လစ်ဗာပူးမှာ ရှိတဲ့ ကလပ်ရဲ့ အပေါ်ထပ်မှာ မြန်မာလို ဘူဖေး (buffet) လို့ခေါ်တဲ့ ကိုယ်ကြိုက် နှစ်သက်ရာ အစား အသောက်များကို လိုသလောက် ထည့်ယူပြီး စားနိုင်တဲ့ စားသောက်ဆိုင် တစ်ခု ရှိပါတယ်။ ကလပ် အသင်းဝင် ဖြစ်ပါက ဈေးအလွန် သက်သာတဲ့ အပြင်၊ တနင်္ဂနွေနေ့ ဆိုလျှင် အစား အသောက် စုံစုံလင်လင် တည်ခင်း ထားတတ် တာကြောင့် ဒီညတော့ အဲဒီမှာ အဝစားပြီး အိမ် စောစော ပြန်အိပ်ဖို့ စိတ်ကူး ခဲ့ပါတယ်။

ကလပ်က စားသောက်ဆိုင်ကို ရောက်တယ် ဆိုရင်ဘဲ ဦးစွာ ပထမ ပန်းသီးရည် ဖျော်ရည် တစ်လုံးနဲ့၊ ပင်လယ်စာတွေကို ပုဂံထဲ ထည့်လာပြီး စားပွဲလွတ် တစ်ခုမှာ နေရာယူ ဝင်ထိုင်လိုက်တဲ့ အခါ၊ စားပွဲပေါ်မှာ ရေးထားတဲ့ စာတမ်းလေးကို ဒီနေ့မှ သေသေချာချာ ဂရုစိုက်ပြီး ဖတ်မိလိုက်ပါတယ်။ စာရေးထားတာက –

Whilst we encourage a healthy appetite waste is not appreciated. Please only help yourself to what you know you will eat.

ဘူးဖေး ဆိုတာ ဈေးနှုံး တစ်ခုတည်း သတ်မှတ်ထားတဲ့ အတိုင်း ပေးရတာ ဖြစ်ပြီး၊ စားပွဲတွေ ပေါ်မှာ ခင်းထားတဲ့ အစားအသောက် တွေကို လိုသလို၊ အဝ ကြိုက်သလောက် ယူစားနိုင်ပါတယ်။ ဒါကြောင့်မို့ လိုသလောက်သာ ယူစားပါ၊ အစားအသောက် တွေကို အလေအလွင့် မဖြစ်ပါစေနဲ့ ဆိုပြီး သတိပေးထားတဲ့ စာတမ်းလေးကို အင်္ဂလိပ်လို ရေးထား ပုံလေးဟာ ယဉ်ယဉ်ကျေးကျေး ရှိတာကြောင့် ဒီစာတမ်းလေးကို သဘောကျမိ သွားခဲ့ပါတယ်။

ဒီလိုနဲ့ ညစာစားရင်း အတွေးက စင်္ကာပူဆီ ရောက်သွားပါတယ်။ မိမိ စင်္ကာပူကို ၁၉၉၃ ခုနှစ် လောက်တုန်းက ရောက်ခဲ့စဉ်မှာ ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ် တစ်ခုမှာ ဘူဖေး စားခဲ့ဖူးပါတယ်။ (ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်လို့ ထည့်ပြောရတာက၊ မိမိ ယနေ့ ဘူဖေး သွားစားတဲ့ လစ်ဗာပူးက ကလပ်ဆိုတာ ကြယ် ဘယ်နှစ်ပွင့်မှ အဆင့် မရှိတဲ့ အပြင်၊ သာမာန် အလုပ်သမား၊ ရုံးသူ ရုံးသား လူတန်းစား အသီးသီး ဝင်ထွက် စားသောက် နေတဲ့ နေရာနဲ့ ပတ်ဝန်းကျင် ကွာခြားတာကို ပြောပြချင်လို့ ဖြစ်ပါတယ်) အဲဒီလို ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ် နေရာမျိုးမှာ ဖွင့်ထားတဲ့ ဘူဖေး စားသောက်ဆိုင်ဟာ အစား အသောက်တွေ အလေအလွင့် မဖြစ်စေဖို့ သတိပေးတဲ့ နေရာမှာ – “အစားအသောက်များကို လိုသလောက်သာ ယူစားပါ၊ အလေ အလွင့် မဖြစ်ပါစေနဲ့၊ အကယ်၍ မစားနိုင်လို့ အစားအသောက်များ ကျန်နေခဲ့ပါက အလေးချိန်နဲ့ ပြန်လည် ချိန်တွယ်ပြီး၊ တန်ဖိုးရဲ့ ၃ ဆ ပေးလျှော်ရမယ်” လို့ ရေးထားပါတယ်။

ဒီလိုရေးထားခြင်း အားဖြင့်၊ ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ နေရာမျိုးမှာတောင် လာစားသောက်တဲ့ လူတွေဟာ ကိုယ့်အသိ စိတ်ဓါတ်နဲ့ ကိုယ်၊ စည်းစံနစ် ရှိရှိ မစားသောက်တတ်ဘဲ၊ ဒဏ်ကြေးနဲ့ ခြိမ်းခြောက်မှ ရတဲ့ သဘောမျိုး ဖြစ်နေတာကို သတိထားမိ လိုက်ပါတယ်။ ကိုယ်လည်း အကျိုးမရှိ၊ သူတပါးလည်း အကျိုးမဖြစ်၊ အများအတွက်လည်း အကျိုးယုတ်စေမဲ့ အပြုအမူမျိုးကို မပြုလုပ်ပါနဲ့ ဆိုတာ လူ့ယဉ်ကျေးမှု အဆင့်အတန်း ရှိသူ တစ်ယောက်ကို ယဉ်ယဉ် ကျေးကျေး ပြောလို့ ရနိုင် ပါတယ်။ ဒီလို လုပ်ရင်ဖြင့် ဖမ်းမယ်၊ ဆီးမယ်၊ ဒဏ်တပ်မယ် ဆိုတာမျိုးထိ ခြိမ်းခြောက် ပြောရတယ် ဆိုရင်တော့ ဒါဟာ လူ့ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ပါးသူမျိုးများသာ ဖြစ်တော့မယ် ဆိုတာ စဉ်းစားမိပြီး၊ ကြယ် ၅ ပွင့် အဆင့်ရှိတဲ့ ဟိုတယ်လို နေရာမျိုးမှာ လာစားသောက်တဲ့ သူတွေတောင်မှ ဒီလို လူမျိုးများ ဆိုခဲ့ပါက၊ မိမိမှာ ထိုသူများနဲ့ ဝေးကွာပြီး နေနိုင်ခဲ့တာကို ကံကောင်းတယ်လို့ ယူဆမိပါတော့တယ်။

တစ်ခါ အတွေးက နဲနဲ ဝေးတဲ့ မြန်မာပြည် ဖက်ကို ရောက်သွား ပြန်ပါတယ်။ ရန်ကုန်မြို့၊ ရွှေဂုံတိုင် လမ်းမှာ ဖွင့်ထားတဲ့ ယုဇန ဟိုတယ်ရဲ့ ဘူဖေး စားသောက်ဆိုင်ကို ၂၀၀၁ ခုနှစ်လောက်မှာ တစ်ခါ ရောက်ခဲ့ ဖူးပါတယ်။ အဲဒီမှာတော့ ဘာမှ သတိပေး စာတမ်းတွေ၊ ကြေငြာချက်တွေ မတွေ့ရပါဖူး။ လူတွေဟာ သတိပေး စရာ မလိုလောက်အောင် အသိစိတ်ဓါတ် ရှိကြတဲ့ သူများလို့ ထင်လိုက်စရာပါ။ တကယ်တော့ မဟုတ်ပါဖူး။ စားသောက်ဆိုင်မှာ ပုဇွန်၊ ဂဏန်းနဲ့ အခြား အရသာရှိ ကောင်းမယ် ထင်ရတဲ့ ဟင်းပွဲများဟာ ဘာမှ မကျန်ဘဲ ပုဂံသာ တင်ထားတာ တွေ့ရပါတယ်။ ဒါနဲ့ မိမိက စားသောက်ဆိုင် စားပွဲထိုးကို မေးတော့ အဲဒီဟင်းပွဲတွေက တင်လိုက်တာနဲ့ စားတဲ့ လူတွေက လာပြီး လုယူ သွားလို့ ကုန်ကုန် သွားတာပါတဲ့။ ဒီတော့ ဒါတွေကို စားချင်ရင် နောက်ဖေးက ဗန်းနဲ့ လာဖြည့်တဲ့ လူကို ကြည့်နေပါတဲ့၊ အဲသည်လူ ထွက်လာရင် အမြန် ထပြီး ဆွဲယူပါတဲ့။ အဲသည်လို ကြားလိုက်ရတဲ့ အခါ၊ မိမိမှာ တော်တော်လေး စိတ်ပျက်သွားပါတယ်။ ဘယ့်နှယ်… ပိုက်ဆံ ပေးပြီးလဲ လာစားရသေးတယ်၊ လုစားရမယ် ဆိုတာတော့ ဟန်မကျ သေးပါဖူး။ ဒါနဲ့ မိမိက ဒါဆိုရင်လဲ မစားတော့ပါဖူးဗျာ၊ ကျနော်လဲ လုမစား တတ်ပါဖူး လို့ပြောပြီး၊ ပြန်မယ် လုပ်တော့ စားပွဲထိုးလေးက၊ အကို ထိုင်နေပါဗျာ၊ အဲဒီဟင်းတွေ လာချတဲ့ အခါ ကျနော် ယူလာပြီး အကို့ကို လာထဲ့ပေးပါမယ် ဆိုပြီး တောင်းတောင်းပန်ပန် ပြောတာနဲ့၊ မိမိလည်း ပြန်ထိုင်ပြီး ဆက်စားခဲ့ပါတယ်။ မိမိ စားသောက်ပြီး ပြန်တဲ့ အခါ ကျတော့ အခြား စားသောက်ပြီး ပြန်သွားတဲ့ ဝိုင်းတွေမှာ မသိမ်းရသေးတဲ့ ပန်းကန်တွေကို သတိထား ကြည့်မိလိုက်တဲ့ အခါမှာ ပုဇွန်တွေ၊ ဂဏန်းတွေဟာ သူတို့ ဟင်းခွက် ပုဂံတွေမှာ မြင်မကောင်းလောက် အောင် ပုံနေပြီး သူတို့လဲ မစားနိုင်ကြတော့ဘဲ စားပွဲပေါ်မှာ လေလွင့် ပေပွပြီး ချန်ထားခဲ့တာကို တွေ့ရပါတယ်။

အထက်မှာ ပြောခဲ့ သလို၊ ကိုယ်လဲ အကျိုးမရှိ၊ တစ်ခြား စားသောက်သူများကိုလည်း အနှောက်အယှက် ဖြစ်ပြီး အကျိုးယုတ်စေတဲ့ အပြင်၊ အလကား ဖျက်လို ဖျက်ဆီး လုပ်တဲ့ ပုံစံမျိုးတွေ တွေ့ရတဲ့အတွက် စားသောက်ဆိုင်က မန်နေဂျာကို စင်္ကာပူမှာ လုပ်တဲ့ ပုံစံမျိုး လုပ်ဖို့ အကြံပေးတဲ့ အခါ၊ မန်နေဂျာက – “အကိုရေ ကျနော်တို့က အဲသည်လို လုပ်လို့မရဖူးဗျ၊ လာစားတဲ့ လူတွေက ဒီလိုလုပ်လို့လဲ ဒဏ်ကြေး ပေးမှာ မဟုတ်တဲ့ အပြင်၊ သူတို့က ဘယ်သူ ဘယ်ဝါနဲ့ အဲသည်လို ကျနော်တို့ကိုတောင် ပြန်ပြီး ပြဿနာ ရှာသွားဦးမှာ စိုးလို့ ဒီလိုဘဲ လွှတ်ထားပြီး၊ အကိုတို့လို လူတွေလာရင် ဟင်းထည့်ပေးဖို့ စားပွဲထိုးကို ကျနော် မှာထားတာပါ” လို့ ပြောပြပါတယ်။

ဒါနဲ့ဘဲ မိမိလည်း မန်နေဂျာကို – “လာစားတဲ့ လူတွေက လူ့ယဉ်ကျေးမှုလည်း မရှိကြ၊ အဲဒီတော့ စည်းကမ်း လုပ်ပေးလို့ စည်းကမ်းလည်း မလိုက်နာဖူး ဆိုရင်တော့၊ ခင်ဗျား သေနတ် တစ်လက်သာ ဆောင်ထားပြီး အစား အသောက်တွေ ဖြုန်းတီးတဲ့ ရှေ့က လူ တစ်ယောက် နှစ်ယောက်ကို ပစ်သာ သတ်ပြ လိုက်ပါတော့ဗျာ၊ ဒါမှဘဲ ကြောက်ပြီး နားထောင် တော့မယ် ထင်ပါတယ်” လို့ပြောပြီး စိတ်ပျက်စွာ ထွက်လာခဲ့ ပါတော့တယ်။

မိမိ ယခင်က အနောက်နိုင်ငံ များကို မရောက်ဖူးခဲ့စဉ် အနောက် နိုင်ငံများဟာ အရှေ့ နိုင်ငံများထက် လူနေမှု အဆင့်အတန်း ပိုလို့ မြင့်မားတယ် ဆိုတာ ကြားသိခဲ့ ဖူးပါတယ်။ အဲဒီ အချိန်တုန်းက ဘယ်လို လူနေမှု အဆင့်အတန်း ကွာခြား တာလဲ သိချင်လို့၊ ကြုံကြိုက်တဲ့ အခါ မေးကြည့်တော့ အနောက်နိုင်ငံ များမှာ လူတွေဟာ တိုက်နဲ့ နေနိုင်တယ်၊ ကားစီးနိုင်တယ်၊ အရှေ့နိုင်ငံတွေမှာတော့ အများက တဲနဲ့ နေကြရတယ်၊ လမ်းလျှောက် ဘစ်ကားစီးကြရတယ်လို့ သာ သိခဲ့ရပါတယ်။ အခုတော့ မိမိ သိလာရတာက အဲသည်လို မဟုတ်ပါဖူး။ အနောက်နိုင်ငံများမှာ လူနေမှု အဆင့်အတန်း မြင့်မားတယ် ဆိုတာ စိတ်ဓါတ် ကောင်းမွန်ပြီး အသိတရား ရှိခြင်း၊ စည်းကမ်း ရှိခြင်း၊ ကိုယ့်ရဲ့ လုပ်ရပ်ကြောင့် အခြားသူ တစ်ဦး တစ်ယောက် ထိခိုက် စေမဲ့ အပြုအမူများကို စောင့်ထိန်းခြင်း၊ စတဲ့ လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားနေခြင်းသာ ဖြစ်တယ် လို့ သြစတေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ လစ်ဗာပူးမြို့က ဘူဖေးဆိုင်မှာ ညစာစားရင်း တွေ့မြင်မိခဲ့ ပါတော့တယ်။

အောင်အောင်

http://www.aung.info/?p=2115

Sunday, May 15, 2011

အိမ်ရနံ့သီချင်း


ကျွန်တော် ကြယ်တွေကို လှမ်းပြီး အိမ်ပြန်လမ်း မေးမိတယ်

သူတို့ရယ်တယ် ကျွန်တော်လည်း ရယ်တာပေါ့ …

ကျွန်တော် ဘယ်နာရီမှများ အဖျားပျောက်မလဲ မေးမိတယ်

သူတို့ငိုတယ် ကျွန်တော်လည်း ငိုတာပေါ့ ..

နာရီစင်ကြီးရှေ့ ပလက်ဖောင်းစင်းစင်းလေး တစ်လျှောက်

ကားမီးလုံးတွေ ရွတ်ဆိုမိရင်း

ဘယ်မိုင်တိုင်များ ဆိုက်ကပ်နေပြီလဲ မီးလုံးစိမ်းစိမ်းလေးရယ်

အလွတ်ရဟွန်းသံကျယ်ကျယ်မှာ မီးမညှိနိုင်သေးခင်

ကျွန်တော် ထမင်းဆာလို့ မရဘူး။

သြော်

နာကျင်ဖွယ် မိုင်ငါးဆယ်ခရီးမှာ

ဘယ်နူးညံ့မှုနဲ့မှ သာယာသံမမြည်နိုင်ခဲ့ဘူး

သားလေးရယ် သားလေးမေမေရယ်

ဖရိုဖရဲဆွဲခြင်းလေးနဲ့ ပွင့်လာမှ

အိမ်ရနံ့သီချင်းများ ဆင်းလာကြလိမ့်မယ်။


ခိုင်မြဲကျော်စွာ

၂၀၀၁၊ ဧပြီ၊ စတိုင်လ်သစ်

Saturday, May 7, 2011

စာပေချစ်သူ

ဒီရက်ပိုင်းမှာ စိတ်ကြည်နူးဖွယ် သတင်းတစ်ပုဒ်ကြည့်လိုက်ရသည်။ ထိုင်ဝမ်နိင်ငံက သတင်းဆိုသော်လည်း စာပေချစ်သူတိုင်း ခံစားလို့ရနိင်မည်ဟု ထင်မြင်မိသည်။ အဓိကကတော့ ဆိုင်ရှင် ပြောပြသည့် စကားလေးတစ်ခွန်းကို သဘောကျလွန်းတာကြောင့် ဒီပို့စ်လေးရေးဖြစ်ပါသည်။

စာအုပ်ဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ဆိုင်၏တည်နေရာက လူစည်ကားရာ၊ တက္ကသိုလ်တွေ၏ အနီးအနားက လမ်းသွယ်လေးထဲမှာ ဖြစ်သည်။ ထိုဆိုင်က စာအုပ်အသစ်တွေ ရောင်းခြင်းမဟုတ်။ စာအုပ်အဟောင်းများကိုသာ ပြန်ရောင်းခြင်းဖြစ်သည်။ အသုံးပြုပြီးစာအုပ်များဖြစ်လို့ ဈေးနှုန်းလည်း သက်သာသည်။ စာအုပ်အဟောင်းရောင်းသည့် ဆိုင်များမှာ နိင်ငံတကာတွင် ရှိပါသည်။ ထို့ကြောင့် ယခုဖော်ပြချင်သည့် ဆိုင်ကလေးအကြောင်းက ထူးဆန်းသည်ဟု မဆိုသာ။ သို့သော် ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်း နှင့် ယုံကြည်ချက်ကတော့ ထူးခြားလှပါသည်။



ဆိုင်ဖွင့်ထားသော်လည်း ဆိုင်ရှင်မရှိသည့် ဆိုင်ဖြစ်သည်။ ဆိုင်ထဲတွင် စာအုပ်စင်ပေါင်းများစွာ ၊ စာအုပ်ပေါင်း ထောင်ချီကာ ရှိနေသည်။ သို့သော် ဆိုင်ရှင်က မရှိပါ။ ဆိုင်ရှင်အစား ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်လေး တစ်ခု ထောင်ထားသည်။ ဆိုင်းဘုတ်တွင် ရေးထားသည်က

“ဆိုင်ရှင် ဆိုင်တွင်မရှိပါ။
ကျသင့်ငွေကို မိမိဘာသာ တွက်ချက်ပြီး ရှင်းပါ။

ဒီဆိုင်လေးကို ကိုယ့်အိမ်လို သဘောထားပြီး မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက် စကားပြောနိုင်ပါတယ်။ သူငယ်ချင်း အချင်းချင်း ချိန်ဆိုရာမှာလည်း ဒီဆိုင်လေးမှာ ချိန်းဆိုနိုင်ပါတယ်။ တစ်ယောက်တည်းပျင်းတဲ့အခါမှာလည်း ဒီဆိုင်လေးမှာ လာရောက် စာအုပ်ဖတ်ရင်း အပျင်းဖြေနိုင်ပါတယ်။ အထူးသတိပြုရမှာတော့ စာအုပ်ဝယ်ပြီး ဆိုင်ထဲက ထွက်သွားမယ်ဆိုရင် ပိုက်ဆံရှင်းဖို့ မမေ့ပါနဲ့။ ဒါဟာ ဒီဆိုင်လေးကို ကူညီပေးတဲ့ အဓိက အချက်ပါ။”

ထိုဆိုင်းဘုတ်လေး နံဘေးတွင် အိုးတစ်လုံးချထားပေးသည်။ ထိုအိုးထဲတွင် ပိုက်ဆံများရှိနေသည်။ စာအုပ်ရောင်းရသည့် ငွေများဖြစ်သည်။ ထိုအိုးလေး ဘေးမှာတော့ စာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်း ထားပေးသည်။ စာအုပ်ဝယ်သူတွေက သူတို့ ဘယ်စာအုပ်ဝယ်သွားပါတယ်။ ကျသင့်ငွေ ဘယ်လောက်ထားခဲ့ပါတယ် ဆိုပြီး ထိုစာအုပ်လေးထဲတွင် ရေးထားခဲ့ကြသည်။ ဆိုင်ရှင်မရှိသည့်ဆိုင်ထဲက ငွေသိမ်းသည့် အိုးလေးထဲတွင် စာအုပ်ရောင်းရငွေများ ရှိနေသည်မှာ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်တာ သေချာသည်။ ဆိုင်ရှင်မရှိသလို လုံခြုံရေး ကင်မရာများ တပ်ထားခြင်းပင် မရှိ။ အံ့သြဖွယ်ရာပင်။


ထို့ပြင် ဆိုင်ရှင်အတွက် စာအုပ်ဝယ်သူများမှ စာလေးတွေရေးခဲ့ကာ ဆိုင်နံရံတွင် ကပ်ထားခဲ့သည်။ စာလေးတွေက အကြောင်းအရာ စုံလင်သည်။ လိုချင်သည့် စာအုပ်နာမည်တွေ ရေးထားခဲ့ကြသည်။ အများဆုံး ရေးထားခဲ့ကြသည်က ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်းကို လေးစားကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကိုယ့်အိမ်မှာလို စောင့်ကြည့်သူမရှိဘဲ ရွေးချယ် ဖတ်ရှု ဝယ်ယူရလို့ စိတ်ချမ်းသာကြောင်း စသည်ဖြင့် ဆိုင်ရှင်ကို ချီးကျူးထားသည့် စာရွက်ပေါင်းများစွာက ဆိုင်နံရံတွင် အများအပြား ရှိနေသည်။


တစ်ရက်တွင်တော့ ထိုဆိုင်ထဲသို့ ထိုင်ဝမ်နိင်ငံသားဘလော့ဂ်ရေးသူ တစ်ဦး ဝင်လာသည်။ သပ်ရပ်စွာ စီထားသော စာအုပ်များ၊ ဆိုင်အဝင်ဝ ဆိုင်းဘုတ်နှင့် ငွေထည့်သည့် အိုးလေးကို မြင်သွားသောအခါ ပါလာသည့် ဗီဒီယိုကင်မရာဖြင့် ဆိုင်အနှံ့လျှောက်ရိုက်ကာ မှတ်တမ်းတင်သည်။ ထို့နောက် သူ့ဘလော့ဂ်တွင်ထိုဗီဒီယိုဖိုင်ကို ညအိပ်ခါနီး တင်ပြီး အိပ်လိုက်သည်။ မနက်မိုးလင်းတော့ သူ့ဘလော့ဂ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ထိုဗီဒီယိုဖိုင်ကို တစ်ညအတွင်းတွင် လူပေါင်း သုံးသောင်းကျော် ကြည့်ထားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

ထိုဖိုင်ကို စာဖတ်သူများက အချင်းချင်း မျှဝေကြသည်။ ဗီဒီယိုဖိုင်ကို ပြန်ကူးကာ မိမိတို့ဘလော့ဂ်များတွင် တင်ပေးကြသည်။ ထိုသို့ လူသိများသွားသည်ကို စာအုပ်ဆိုင်ရှင်က မသိသေး။ နောက်တစ်ရက် မနက်ခင်း ဆိုင်လာဖွင့်သည့်အခါ သူ့ဆိုင်ရှေ့တွင် လူအများအပြား စောင့်ဆိုင်းနေသည်ကို တွေ့ရတော့ အံ့သြသွားမိသည်။ ထူးဆန်းသည်ဟု ထင်ရုံမှလွဲ၍ မည်သည့်အတွက်ကြောင့် လူတွေများနေသည်ကို သူ မသိခဲ့ပါ။ ထိုနေ့ နေ့လည်ခင်းတွင်တော့ သတင်းဌာနများမှ ဆိုင်ရှင်ကို ဆက်သွယ်ကာ အင်တာဗျူးကြသည်။ ထိုင်ဝမ်ရုပ်သံမှ သတင်းလိုင်းတိုင်းတွင် သူ့ဆိုင်အကြောင်း ပါလာခဲ့သည်။ သူ့ကို အင်တာဗျူးသည့်အခါ ထိုစာအုပ်ဆိုင်လေး ဖြစ်ပေါ်လာပုံကို ပြောပြသည်။

ထိုဆိုင်လေးဖွင့်ဖို့က သူ၏ အိမ်မက်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သည်။ ထိုအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဘဏ်မှ ငွေသုံးသိန်းချေးငှားခဲ့သည်။ လစဉ်အကြွေး ပြန်ဆပ်နေသည်မှာ ဆိုင်သက်တမ်းနှင့်အတူ တစ်နှစ်ကျော်ကြာနေခဲ့လေပြီ။ မြို့လယ်ဆိုတော့ ဆိုင်ငှားခက ဈေးကြီးလှသည်။ ဆိုင်အကူလည်း မငှားနိင်ခဲ့။ ဆိုင်အတွင်းပိုင်း စာအုပ်စင်တွေကအစ သူကိုယ်တိုင် ရိုက်သည်။ ပစ္စည်းဟောင်းများဝယ်ပြီး ဆိုင်ကို ပြင်ဆင်သည်။ ထို့နောက် စာအုပ်ဟောင်းများ လိုက်စုကာ သူ့ဆိုင်တွင် တင်သည်။ ဆိုင်ဖွင့်ပြီး နောက်ပိုင်း ပို၍ အလုပ်များခဲ့သည်။ ဆိုင်အတွက် လိုအပ်သည့် စာအုပ်များ ထွက်ဝယ်ရတာကြောင့် ဆိုင်ကို လူမရှိဘဲ ဘေးဆိုင်တွေကိုသာ အပ်ထားခဲ့ရသည်။

ကြာလာတော့ ထိုသို့အပ်ထားခဲ့ရသည်ကို အားနာလာသည်။ ထိုအခါ အထက်ပါ ဆိုင်းဘုတ်လေး ရေးပြီး အိုးတစ်လုံးထားကာ သူထွက်သွားလေ့ရှိသည်တဲ့။ ထိုအင်တာဗျူးကို နားထောင်ရင်း ကျွန်တော် သိချင်လာတာ ရှိသည်။ လုံခြုံရေးကင်မရာလည်း တပ်မထားတော့ စာအုပ်တွေ မပျောက်ဘူးလား၊ ရောင်းရသည့် စာအုပ်နှင့် စာအုပ်ဖိုးငွေတွေ ကိုက်မှ ကိုက်ရဲ့လား။ ကျွန်တော် သိချင်လာသည်။ တော်သေးသည်။ အင်တာဗျူးမေးသူ ကိုယ်တိုင်ကလည်း ထိုမေးခွန်းများကို သိချင်ဟန်တူသည်။ စာအုပ်တွေ မပျောက်ဘူးလား၊ ငွေစာရင်းရော ကိုက်ရဲ့လား.. ဟု မေးလိုက်သည်။

“ ကျနော်က မနက်ဆို ဆိုင်လာဖွင့်ပြီး ညရောက်တော့ ဆိုင်ပိတ်ရင်းနဲ့ စာအုပ်စာရင်းတွေ စစ်လေ့ရှိပါတယ်။ ဒါပေမယ့် လျော့သွားတဲ့စာအုပ်နဲ့ စာအုပ်ဖိုးငွေတွေက အမြဲလိုလို ကိုက်တာပါပဲ။ တခါတလေ တစ်ရာ နှစ်ရာ လိုတာမျိုးရှိပါတယ်။ စာအုပ်ဝယ်သူတွေ ရေးခဲ့တဲ့ စာအုပ်ထဲမှာ ငွေ တစ်ရာ လိုလို့ ချန်ခဲ့တယ် နောက်တစ်ခေါက်မှ ပေါင်းပေးမယ်လို့ ရေးထားခဲ့ကြပါတယ်။ တစ်ခါတစ်လေတော့လည်း ငွေက ပိုနေလေ့ရှိပါတယ်။ စာအုပ်ဝယ်သူတွေ ပိုငွေ ပြန်မယူဘဲ ထားခဲ့တာနဲ့ တူပါတယ်။”

ထိုနေရာရောက်တော့ နားထောင်နေရင်း ကျွန်တော် ပီတိဖြစ်သွားရသည်။ ဆိုင်ရှင်၏ အသက်က ၂၇ နှစ်တဲ့။
သူ့အသက်အရွယ်နှင့် စာပေချစ်စိတ်က လေးစားလောက်သည်။ စာပေသမားတွေအပေါ် ထားသည့် စေတနာက မြင်သာသည်။ အသက်ကြီးသော်လည်း လူ့ကျင့်ဝတ်နားမလည်၊ စာပေအကြောင်း တတ်ယောင်ကားများနှင့် ယှဉ်လိုက်လျင် လေးစားဖွယ်ရာဖြစ်နေသည်။ ထို့နောက် အင်တာဗျူးသူက ထပ်မေးသည်။ မေးခွန်းလေးက သိပ်ကောင်းသည်။

“အခုလိုမျိုး ဆိုင်မှာ စောင့်ကြည့်သူ မထားဘဲ စာအုပ်ဆိုင် ဖွင့်ထားရဲတဲ့ ခင်ဗျားရဲ့ယုံကြည်မှုက ဘာလဲ”

ဆိုင်ရှင်က ပြန်ဖြေပါသည်။ ထိုအဖြေကို ကျွန်တော် သိပ်သဘောကျပါသည်။ ထပ်ခါထပ်ခါ ကြားယောင်မိနေတာကြောင့် သည်သတင်းလေးကို အဆင်ပြေဆီလျော်အောင် ပြန်ရေးဖြစ်ခြင်း ဖြစ်ပါသည်။ သူ့အဖြေက

“စာအုပ်တွေ သူခိုးခိုးမှာ မကြောက်ပါဘူး။ စာပေကို ချစ်မြတ်နိုးသူတိုင်းက စိတ်ဓါတ်အဆင့်အတန်း မြင့်မားကြပါတယ်။ ဆိုးသွမ်းတဲ့သူ မဖြစ်နိင်ဘူးဆိုတာ ကျနော် ယုံကြည်လို့ပါပဲ” တဲ့။

သူ့ယုံကြည်ချက်မှာ ချွင်းချက်ရှိနိင်သော်လည်း ထိုချွင်းချက်မှာ အနည်းငယ်သော စုန်းပြူးလူတန်းစားများ အတွက်သာ ဖြစ်ပါလိမ့်မည်။ သူထင်သလိုမဟုတ်ဘဲ သူခိုးသူဝှက်တွေနှင့် ကြုံခဲ့လျင် သူဆုံးရှုံးရမည့် အရာမှာ ငွေကြေးတစ်ခုထဲသာ မဟုတ်။ သူ့ယုံကြည်ချက်တွေပါ ခိုးယူခံလိုက်ရသလို ဖြစ်မည်။ သို့သော် စာပေချစ်သူတွေက သူထင်သလို မလိမ်မကောက်ကြကြောင်းကို သူယုံကြည်ခွင့်ရလိုက်တာကို ကျွန်တော် ကြားကနေ ဝမ်းသာနေမိသည်။ လူမျိုးမတူ၊ ဘာသာစကားမတူသော်လည်း ထိုဆိုင်ရှင်၏ စာပေသမားတွေအပေါ် ထားသည့်ချစ်ခင်စိတ်ကို လေးစားမိပါသည်။ ယခုတော့ သူ့စေတနာ အကျိုးပြန်ပေးပြီထင်သည်။ ရုပ်သံသတင်းဌာနများက သူ့ဆိုင်လေးအကြောင်း ထုတ်လွှင့်ပေးနေတာကြောင့် သူ့ဆိုင်ရှေ့လျှောက် ပို၍အောင်မြင်ဖို့ပဲ ရှိတော့သည်။
စေတနာမှန်လျင် ကံအကျိုးပေးကောင်းမည်ဟု ကျွန်တော်ကတော့ လေးလေးနက်နက် ယုံကြည်ပါသည်။

"

Friday, May 6, 2011

ဖြစ်ချင်တယ်....



ဖြစ်ချင်တာတွေမဖြစ်ရမှတော့ ဘာတွေဖြစ်ချင်နေရမှာလဲ?

ဖြစ်သင့်တာကိုပြောပြမယ့်လူရှိရင် ဖြစ်ချင်တာတွေကိုလည်း တစ်ပွေ့တစ်ပိုက်ကြီး ပြောပြချင်တယ်။

ဖြစ်ချင်တာတွေကိုပြောရရင် ဖြစ်သင့်တာတွေလည်းပါတယ်၊ မဖြစ်သင့်တာတွေလည်းပါတယ်။

ဖြစ်သင့်သင့် မဖြစ်သင့်သင့် ဖြစ်ချင်တာကတော့ ဘာပဲဖြစ်ဖြစ်ရှိရမှာပဲ မဟုတ်လား?

ဖြစ်သင့်တာ မဖြစ်သင့်တာဆိုတာ ဖြစ်သေးတာ မဖြစ်သေးတာနဲ့ဆိုင်မလား?

ဖြစ်နိုင် မဖြစ်နိုင် တွေးတောလို့မရလို့ တချို့ကလည်း မဖြစ်နိုင်တာမရှိ မဖြစ်သေးတာပဲရှိတယ်လို့ဆိုတယ်။

ဖြစ်ဖြစ် မဖြစ်ဖြစ် ဖြစ်နိုင်နိုင် မဖြစ်နိုင်နိုင် ဘာပဲဖြစ်ဖြစ်ပေါ့

တစ်ခါလောက်တော့ ဖြစ်ချင်တာတွေ ဖြစ်ချင်ပါတယ်။

တကယ်ဖြစ်ဖြစ် မဖြစ်ဖြစ်။

"အေးလင်းထွဋ်"

P.S. ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရေးထားတဲ့ပို့စ်ပါ။

Tuesday, May 3, 2011

အသိတစ်ဝက်


ငါစဉ်းစားခဲ့ဘူးတယ်။
ဘဝဆိုတာ အိပ်မက်လားလို့...

ဖြစ်တည်ခြင်းဆိုတာ
ပြိုပျက်ဖို့လားလို့...

မရှိဘူးလို့ထင်တဲ့အရာတွေ
တကယ်ရှိလားလို့...

ဒါကိုလူတွေက နံမည်တပ်ကြတယ်။
ငပေါတဲ့။

တခါတုန်းက ငါ့အိပ်မက်တွေ
မိုးရေ အဖြစ် ပင်လယ်ထဲ မျောပါဘူးတယ်။
ပြန်မရတဲ့အတိတ်တွေ
ပစ္စုပ္ပန် မှာ ဆောင်းအိပ်မက်ဖြစ်ဖူးတယ်။

ယုံကြည်ထားတဲ့ အနာဂတ် တခုတည်းအတွက်နဲ့
မိုးခါးရေ မသောက်တော့
ငါက အရူးတဲ့။

စစ်ပွဲ...
မီး...
အချစ်... တွေကို တဂိုဏ်းထဲထားတော့
သံယောဇဉ် ကိုတောင်
ခပ်ကင်းကင်းနေချင်လာတယ်

လူညီရင် ဤဟာ ကျွဲဖြစ်
ဆိုတော့...
ယိုင်နဲ့လာတဲ့ အသိနဲ့
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
လက်ထဲက သုညလည်း
ဘောင်ဘင်ခတ် လာတယ်။

ငါစဉ်းစားခဲ့ဘူးတယ်.....

...........................။

အဲဒီ့ သုည ဘယ်တော့ပြန်ပြည့်ဖြစ်မလဲလို့။

"သားငယ်"

Sunday, May 1, 2011

အလွမ်းရင့်ရင့်


အတွေးတွေ လေလွင့်နေတာ

လိုက်ကောက်မဲ့သူတောင်

ငုတ်တုတ်မေ့လို့

စံပယ်တစ်ပွင့် ကြွေကျသံ

ရင်ထဲဗလောင်ဆူသွားတယ်။

ငါလည်းလူသားပဲ

တခါတလေ ကဗျာဆန် ခွင့်ရှိတယ်။

သူ့ရှေ့ရောက်ရင်

မာနတွေ ကိုယ်ယောင်ဖျောက်လို့

သူ မကြားချင်တဲ့စကား

ငါ့နားငါ ကြားအောင်ပြောတယ်

"။။။။။။။။။။။။။"

ငါ မကြားချင်တဲ့စကား

နှလုံးသားထဲ အထိကြားအောင် သူပြောတယ်။

ဒီလိုနဲ့ပဲ

ကြယ်တွေပြုံးတဲ့ ညမှာ

ငါ့ကိုငါ သွန်ပစ်လိုက်တယ်။

အလွမ်းတွေ စစ်နေရမှာ

နှမျောလို့။

ကြယ်ကြွေတာကိုလည်း

တညလုံး ထိုင်ကြည့်ဖူးပြီ။

ကော်ဖီတစ်ခွက်နဲ့

ခါးသီးကြည့်လိုက်တာ

ငါ့လက်မှာ သူ့နံမည်

ရှသွားဖူးတယ်။

လေမတိုက်ပဲ ကြွေတဲ့သစ်ရွက်

အညှာလွယ်တယ် ပြောမလား။

ရင်ကွဲနာကျ သေတဲ့

ဖားတစ်ကောင် သမိုင်း

မိုးရေတွေအောက်မှာ

ပျောက်ရှဖူးတယ်။

တိုးတိုးလေး ကြွေတဲ့သစ်ရွက်

သူ့ရင်မှ ကြားကောင်းပါရဲ့...

"သားငယ်"