Saturday, May 7, 2011

စာပေချစ်သူ

ဒီရက်ပိုင်းမှာ စိတ်ကြည်နူးဖွယ် သတင်းတစ်ပုဒ်ကြည့်လိုက်ရသည်။ ထိုင်ဝမ်နိင်ငံက သတင်းဆိုသော်လည်း စာပေချစ်သူတိုင်း ခံစားလို့ရနိင်မည်ဟု ထင်မြင်မိသည်။ အဓိကကတော့ ဆိုင်ရှင် ပြောပြသည့် စကားလေးတစ်ခွန်းကို သဘောကျလွန်းတာကြောင့် ဒီပို့စ်လေးရေးဖြစ်ပါသည်။

စာအုပ်ဆိုင်လေးတစ်ဆိုင် ရှိပါသည်။ ဆိုင်၏တည်နေရာက လူစည်ကားရာ၊ တက္ကသိုလ်တွေ၏ အနီးအနားက လမ်းသွယ်လေးထဲမှာ ဖြစ်သည်။ ထိုဆိုင်က စာအုပ်အသစ်တွေ ရောင်းခြင်းမဟုတ်။ စာအုပ်အဟောင်းများကိုသာ ပြန်ရောင်းခြင်းဖြစ်သည်။ အသုံးပြုပြီးစာအုပ်များဖြစ်လို့ ဈေးနှုန်းလည်း သက်သာသည်။ စာအုပ်အဟောင်းရောင်းသည့် ဆိုင်များမှာ နိင်ငံတကာတွင် ရှိပါသည်။ ထို့ကြောင့် ယခုဖော်ပြချင်သည့် ဆိုင်ကလေးအကြောင်းက ထူးဆန်းသည်ဟု မဆိုသာ။ သို့သော် ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်း နှင့် ယုံကြည်ချက်ကတော့ ထူးခြားလှပါသည်။



ဆိုင်ဖွင့်ထားသော်လည်း ဆိုင်ရှင်မရှိသည့် ဆိုင်ဖြစ်သည်။ ဆိုင်ထဲတွင် စာအုပ်စင်ပေါင်းများစွာ ၊ စာအုပ်ပေါင်း ထောင်ချီကာ ရှိနေသည်။ သို့သော် ဆိုင်ရှင်က မရှိပါ။ ဆိုင်ရှင်အစား ဆိုင်အဝင်ဝတွင် ဆိုင်းဘုတ်လေး တစ်ခု ထောင်ထားသည်။ ဆိုင်းဘုတ်တွင် ရေးထားသည်က

“ဆိုင်ရှင် ဆိုင်တွင်မရှိပါ။
ကျသင့်ငွေကို မိမိဘာသာ တွက်ချက်ပြီး ရှင်းပါ။

ဒီဆိုင်လေးကို ကိုယ့်အိမ်လို သဘောထားပြီး မိတ်ဆွေသူငယ်ချင်းများနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက် စကားပြောနိုင်ပါတယ်။ သူငယ်ချင်း အချင်းချင်း ချိန်ဆိုရာမှာလည်း ဒီဆိုင်လေးမှာ ချိန်းဆိုနိုင်ပါတယ်။ တစ်ယောက်တည်းပျင်းတဲ့အခါမှာလည်း ဒီဆိုင်လေးမှာ လာရောက် စာအုပ်ဖတ်ရင်း အပျင်းဖြေနိုင်ပါတယ်။ အထူးသတိပြုရမှာတော့ စာအုပ်ဝယ်ပြီး ဆိုင်ထဲက ထွက်သွားမယ်ဆိုရင် ပိုက်ဆံရှင်းဖို့ မမေ့ပါနဲ့။ ဒါဟာ ဒီဆိုင်လေးကို ကူညီပေးတဲ့ အဓိက အချက်ပါ။”

ထိုဆိုင်းဘုတ်လေး နံဘေးတွင် အိုးတစ်လုံးချထားပေးသည်။ ထိုအိုးထဲတွင် ပိုက်ဆံများရှိနေသည်။ စာအုပ်ရောင်းရသည့် ငွေများဖြစ်သည်။ ထိုအိုးလေး ဘေးမှာတော့ စာအုပ်တစ်အုပ်နှင့် ဘောပင်တစ်ချောင်း ထားပေးသည်။ စာအုပ်ဝယ်သူတွေက သူတို့ ဘယ်စာအုပ်ဝယ်သွားပါတယ်။ ကျသင့်ငွေ ဘယ်လောက်ထားခဲ့ပါတယ် ဆိုပြီး ထိုစာအုပ်လေးထဲတွင် ရေးထားခဲ့ကြသည်။ ဆိုင်ရှင်မရှိသည့်ဆိုင်ထဲက ငွေသိမ်းသည့် အိုးလေးထဲတွင် စာအုပ်ရောင်းရငွေများ ရှိနေသည်မှာ မြင်နေကျ မြင်ကွင်းမျိုး မဟုတ်တာ သေချာသည်။ ဆိုင်ရှင်မရှိသလို လုံခြုံရေး ကင်မရာများ တပ်ထားခြင်းပင် မရှိ။ အံ့သြဖွယ်ရာပင်။


ထို့ပြင် ဆိုင်ရှင်အတွက် စာအုပ်ဝယ်သူများမှ စာလေးတွေရေးခဲ့ကာ ဆိုင်နံရံတွင် ကပ်ထားခဲ့သည်။ စာလေးတွေက အကြောင်းအရာ စုံလင်သည်။ လိုချင်သည့် စာအုပ်နာမည်တွေ ရေးထားခဲ့ကြသည်။ အများဆုံး ရေးထားခဲ့ကြသည်က ဆိုင်ရှင်၏ စိတ်ကူးစိတ်သန်းကို လေးစားကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း ကိုယ့်အိမ်မှာလို စောင့်ကြည့်သူမရှိဘဲ ရွေးချယ် ဖတ်ရှု ဝယ်ယူရလို့ စိတ်ချမ်းသာကြောင်း စသည်ဖြင့် ဆိုင်ရှင်ကို ချီးကျူးထားသည့် စာရွက်ပေါင်းများစွာက ဆိုင်နံရံတွင် အများအပြား ရှိနေသည်။


တစ်ရက်တွင်တော့ ထိုဆိုင်ထဲသို့ ထိုင်ဝမ်နိင်ငံသားဘလော့ဂ်ရေးသူ တစ်ဦး ဝင်လာသည်။ သပ်ရပ်စွာ စီထားသော စာအုပ်များ၊ ဆိုင်အဝင်ဝ ဆိုင်းဘုတ်နှင့် ငွေထည့်သည့် အိုးလေးကို မြင်သွားသောအခါ ပါလာသည့် ဗီဒီယိုကင်မရာဖြင့် ဆိုင်အနှံ့လျှောက်ရိုက်ကာ မှတ်တမ်းတင်သည်။ ထို့နောက် သူ့ဘလော့ဂ်တွင်ထိုဗီဒီယိုဖိုင်ကို ညအိပ်ခါနီး တင်ပြီး အိပ်လိုက်သည်။ မနက်မိုးလင်းတော့ သူ့ဘလော့ဂ်ကို ဖွင့်ကြည့်လိုက်သည့်အခါ ထိုဗီဒီယိုဖိုင်ကို တစ်ညအတွင်းတွင် လူပေါင်း သုံးသောင်းကျော် ကြည့်ထားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရသည်။

ထိုဖိုင်ကို စာဖတ်သူများက အချင်းချင်း မျှဝေကြသည်။ ဗီဒီယိုဖိုင်ကို ပြန်ကူးကာ မိမိတို့ဘလော့ဂ်များတွင် တင်ပေးကြသည်။ ထိုသို့ လူသိများသွားသည်ကို စာအုပ်ဆိုင်ရှင်က မသိသေး။ နောက်တစ်ရက် မနက်ခင်း ဆိုင်လာဖွင့်သည့်အခါ သူ့ဆိုင်ရှေ့တွင် လူအများအပြား စောင့်ဆိုင်းနေသည်ကို တွေ့ရတော့ အံ့သြသွားမိသည်။ ထူးဆန်းသည်ဟု ထင်ရုံမှလွဲ၍ မည်သည့်အတွက်ကြောင့် လူတွေများနေသည်ကို သူ မသိခဲ့ပါ။ ထိုနေ့ နေ့လည်ခင်းတွင်တော့ သတင်းဌာနများမှ ဆိုင်ရှင်ကို ဆက်သွယ်ကာ အင်တာဗျူးကြသည်။ ထိုင်ဝမ်ရုပ်သံမှ သတင်းလိုင်းတိုင်းတွင် သူ့ဆိုင်အကြောင်း ပါလာခဲ့သည်။ သူ့ကို အင်တာဗျူးသည့်အခါ ထိုစာအုပ်ဆိုင်လေး ဖြစ်ပေါ်လာပုံကို ပြောပြသည်။

ထိုဆိုင်လေးဖွင့်ဖို့က သူ၏ အိမ်မက်မျှော်လင့်ချက်တစ်ခုဖြစ်ခဲ့သည်။ ထိုအိမ်မက်ကို အကောင်အထည်ဖော်ဖို့ ဘဏ်မှ ငွေသုံးသိန်းချေးငှားခဲ့သည်။ လစဉ်အကြွေး ပြန်ဆပ်နေသည်မှာ ဆိုင်သက်တမ်းနှင့်အတူ တစ်နှစ်ကျော်ကြာနေခဲ့လေပြီ။ မြို့လယ်ဆိုတော့ ဆိုင်ငှားခက ဈေးကြီးလှသည်။ ဆိုင်အကူလည်း မငှားနိင်ခဲ့။ ဆိုင်အတွင်းပိုင်း စာအုပ်စင်တွေကအစ သူကိုယ်တိုင် ရိုက်သည်။ ပစ္စည်းဟောင်းများဝယ်ပြီး ဆိုင်ကို ပြင်ဆင်သည်။ ထို့နောက် စာအုပ်ဟောင်းများ လိုက်စုကာ သူ့ဆိုင်တွင် တင်သည်။ ဆိုင်ဖွင့်ပြီး နောက်ပိုင်း ပို၍ အလုပ်များခဲ့သည်။ ဆိုင်အတွက် လိုအပ်သည့် စာအုပ်များ ထွက်ဝယ်ရတာကြောင့် ဆိုင်ကို လူမရှိဘဲ ဘေးဆိုင်တွေကိုသာ အပ်ထားခဲ့ရသည်။

ကြာလာတော့ ထိုသို့အပ်ထားခဲ့ရသည်ကို အားနာလာသည်။ ထိုအခါ အထက်ပါ ဆိုင်းဘုတ်လေး ရေးပြီး အိုးတစ်လုံးထားကာ သူထွက်သွားလေ့ရှိသည်တဲ့။ ထိုအင်တာဗျူးကို နားထောင်ရင်း ကျွန်တော် သိချင်လာတာ ရှိသည်။ လုံခြုံရေးကင်မရာလည်း တပ်မထားတော့ စာအုပ်တွေ မပျောက်ဘူးလား၊ ရောင်းရသည့် စာအုပ်နှင့် စာအုပ်ဖိုးငွေတွေ ကိုက်မှ ကိုက်ရဲ့လား။ ကျွန်တော် သိချင်လာသည်။ တော်သေးသည်။ အင်တာဗျူးမေးသူ ကိုယ်တိုင်ကလည်း ထိုမေးခွန်းများကို သိချင်ဟန်တူသည်။ စာအုပ်တွေ မပျောက်ဘူးလား၊ ငွေစာရင်းရော ကိုက်ရဲ့လား.. ဟု မေးလိုက်သည်။

“ ကျနော်က မနက်ဆို ဆိုင်လာဖွင့်ပြီး ညရောက်တော့ ဆိုင်ပိတ်ရင်းနဲ့ စာအုပ်စာရင်းတွေ စစ်လေ့ရှိပါတယ်။ ဒါပေမယ့် လျော့သွားတဲ့စာအုပ်နဲ့ စာအုပ်ဖိုးငွေတွေက အမြဲလိုလို ကိုက်တာပါပဲ။ တခါတလေ တစ်ရာ နှစ်ရာ လိုတာမျိုးရှိပါတယ်။ စာအုပ်ဝယ်သူတွေ ရေးခဲ့တဲ့ စာအုပ်ထဲမှာ ငွေ တစ်ရာ လိုလို့ ချန်ခဲ့တယ် နောက်တစ်ခေါက်မှ ပေါင်းပေးမယ်လို့ ရေးထားခဲ့ကြပါတယ်။ တစ်ခါတစ်လေတော့လည်း ငွေက ပိုနေလေ့ရှိပါတယ်။ စာအုပ်ဝယ်သူတွေ ပိုငွေ ပြန်မယူဘဲ ထားခဲ့တာနဲ့ တူပါတယ်။”

ထိုနေရာရောက်တော့ နားထောင်နေရင်း ကျွန်တော် ပီတိဖြစ်သွားရသည်။ ဆိုင်ရှင်၏ အသက်က ၂၇ နှစ်တဲ့။
သူ့အသက်အရွယ်နှင့် စာပေချစ်စိတ်က လေးစားလောက်သည်။ စာပေသမားတွေအပေါ် ထားသည့် စေတနာက မြင်သာသည်။ အသက်ကြီးသော်လည်း လူ့ကျင့်ဝတ်နားမလည်၊ စာပေအကြောင်း တတ်ယောင်ကားများနှင့် ယှဉ်လိုက်လျင် လေးစားဖွယ်ရာဖြစ်နေသည်။ ထို့နောက် အင်တာဗျူးသူက ထပ်မေးသည်။ မေးခွန်းလေးက သိပ်ကောင်းသည်။

“အခုလိုမျိုး ဆိုင်မှာ စောင့်ကြည့်သူ မထားဘဲ စာအုပ်ဆိုင် ဖွင့်ထားရဲတဲ့ ခင်ဗျားရဲ့ယုံကြည်မှုက ဘာလဲ”

ဆိုင်ရှင်က ပြန်ဖြေပါသည်။ ထိုအဖြေကို ကျွန်တော် သိပ်သဘောကျပါသည်။ ထပ်ခါထပ်ခါ ကြားယောင်မိနေတာကြောင့် သည်သတင်းလေးကို အဆင်ပြေဆီလျော်အောင် ပြန်ရေးဖြစ်ခြင်း ဖြစ်ပါသည်။ သူ့အဖြေက

“စာအုပ်တွေ သူခိုးခိုးမှာ မကြောက်ပါဘူး။ စာပေကို ချစ်မြတ်နိုးသူတိုင်းက စိတ်ဓါတ်အဆင့်အတန်း မြင့်မားကြပါတယ်။ ဆိုးသွမ်းတဲ့သူ မဖြစ်နိင်ဘူးဆိုတာ ကျနော် ယုံကြည်လို့ပါပဲ” တဲ့။

သူ့ယုံကြည်ချက်မှာ ချွင်းချက်ရှိနိင်သော်လည်း ထိုချွင်းချက်မှာ အနည်းငယ်သော စုန်းပြူးလူတန်းစားများ အတွက်သာ ဖြစ်ပါလိမ့်မည်။ သူထင်သလိုမဟုတ်ဘဲ သူခိုးသူဝှက်တွေနှင့် ကြုံခဲ့လျင် သူဆုံးရှုံးရမည့် အရာမှာ ငွေကြေးတစ်ခုထဲသာ မဟုတ်။ သူ့ယုံကြည်ချက်တွေပါ ခိုးယူခံလိုက်ရသလို ဖြစ်မည်။ သို့သော် စာပေချစ်သူတွေက သူထင်သလို မလိမ်မကောက်ကြကြောင်းကို သူယုံကြည်ခွင့်ရလိုက်တာကို ကျွန်တော် ကြားကနေ ဝမ်းသာနေမိသည်။ လူမျိုးမတူ၊ ဘာသာစကားမတူသော်လည်း ထိုဆိုင်ရှင်၏ စာပေသမားတွေအပေါ် ထားသည့်ချစ်ခင်စိတ်ကို လေးစားမိပါသည်။ ယခုတော့ သူ့စေတနာ အကျိုးပြန်ပေးပြီထင်သည်။ ရုပ်သံသတင်းဌာနများက သူ့ဆိုင်လေးအကြောင်း ထုတ်လွှင့်ပေးနေတာကြောင့် သူ့ဆိုင်ရှေ့လျှောက် ပို၍အောင်မြင်ဖို့ပဲ ရှိတော့သည်။
စေတနာမှန်လျင် ကံအကျိုးပေးကောင်းမည်ဟု ကျွန်တော်ကတော့ လေးလေးနက်နက် ယုံကြည်ပါသည်။

"

No comments: